မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်သွား

ဇွန်လ ၂၀ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူး (၂) ဦးစလုံးကို ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သာ မဟုတ်ဘဲ ဒေသခံအစိုးရအာဏာပိုင်များလည်း ပါဝင်ပါက်သက် ကူညီမှုကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းလည်း ကြားသိရပါသည်။

ဇွန်လ ၂၀ရက် နနံက် ၈နာရီ အချိန်တွင် မိုင်းကိုင်မြို့ ရပ်ကွက်(၁) ဥက္ကဌ မှ ပါတီမှ တာဝန်ရှိသူများကို တွေ့ဆုံလိုကြောင်း နေအိမ်သို့ ဖုန်းဖြင့်ဆက်သွယ်လာခြင်း၊ နုတ်ဖြင့် လူကြုံအသုံးပြု၍ ရပ်ကွက်ရုံးသို့လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခြင်း ခံခဲ့ရပြီး ရပ်ကွက်ရုံးသို့ရောက်ရှိပြီးမှသာ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့များမှ မေးမြန်းဆွေးနွေးခြင်း မပြုဘဲ ပန်ကွဲရွာ အထိ ဆိုင်ကယ်ဖြင့် ဆက်လက်ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။
ပန်ကွဲရွာသို့ရောက်မှသာ ယူနီဖောင်းဝတ် ရှမ်းပြည်တပ်မတော်လက်နက်ကိုင်အဖွဲ့မှ ဥက္ကဌဖြစ်သူ မိုင်းအောင်ခမ်းနှင့် အတွင်းရေးမှူး တာဝန်ယူထားသူ မိုင်းကျမ်ဆာ တို့(၂)ဦးစလုံးကို နောက်ပြန်ကျော ကြိုးတုပ်ချည်နှောင်၍ ခေါ်ဆောင်သွားကြောင်း သိရပါသည်။

ဖမ်းဆီးခေါ်ဆောင်သောအဖွဲ့၏ ဦးဆောင်သူအမည်မှာ တပ်ရင်း(၃၃၇)မှ ဒုရင်းမှူးအဆင့်ရှိသူ စဝ်ကျိန်ဟန် ဖြစ်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ စဝ်ရွက်ဆစ် လက်အောက်ခံ တပ်ရင်း တစ်ခုလည်း ဖြစ်သည်။

မည်သည့်ကိစ္စကြောင့်ဖမ်းဆီးသွားသည်ကို ဒေသခံများ နှင့် မိသားစုများမှ တိတိကျကျ သိမထားသော်လည်း ဖမ်းဆီးခေါ်ဆောင် သွားချိန်သည် ပါတီတွင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ (၃)ရက်တာ ဆွေးနွေးမှူစကားကဝိုင်း တက်ရောက်နေချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ ပါတီဆိုက်မှ ရွေးကောင်ပွဲကာလ တရားမျှတမှု ဖြစ်စေရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေချိန်လည်း ဖြစ်ပါသည်။

မိုင်းကိုင် ဒေသခံရှမ်းအမျိုးသား တစ်ဦးက သူ၏အမြင်ကိုပြောပြရာတွင် “အရင်တုန်းကတည်းက ပါတီတွေနိုင်ငံရေးတွေ ပါဝင်ပါက်သက်တာ မလုပ်ရဘူး၊ လုပ်တာမကြိုက်ဘူး မလုပ်ရဘူးဆိုပြီး စစ်တပ်အသိုင်းအဝန်းကနေ အကြိမ်ကြိမ် သတိပေးတာမျိုးတော့ ကြားတာဘဲလေ အသေးစိပ်တော့မသိဘူးပေါ့” ဟု သူ၏ ထင်မြင်ကြားသိသမျှကို ပြောပြခဲ့သည်။

ဒေသခံ ဆေးပေးခန်းဆရာမ တစ်ဦးအားမေးကြည့်ရာတွင်လည်း သူ၏အမြင်အား ပြောပြချက်တွင် ” အရင်တုန်းက တအာင်း(ပလောင်)ဆိုရင် လူနေမှုပုံစံတွေ အသိအမြင်တွေဆိုတာ အဘက်ဘက်က ပိတ်ဆို့ ခံထားရတာလေ.. ဘာမှမသိလေ ကြိုက်လေပေါ့… ပါတီထူထောင် ခါစတုန်းက ဆိုင်းဘုတ်ထောင်တဲ့ ကာလက ဆိုရင် ခြိမ်းခြောက်တာတောင် လုပ်သေးတယ်.. တိုးတက် ဖို့မဟုတ်ဘူး အသက်တိုဖို့ဘဲရှိမယ်ဆိုပြီးတော့ပေါ့လေ.. ယနေ့ခေတ်မှာတော့ တစ်ပါတီ အာဏာရှင်စနစ်တွေ၊ လူမျိုးတစ်မျိုးရဲ့ အုပ်ချုပ်မှုအောက်ကနေ ဘဲ အသက်ရှင် ရပ်တည်ရေး ဆိုတာတွေက တော်တော်ချည်း ခေတ်နောက်ကျနေပြီလေ.. လူမျိုးကြီးဝါဒ.. အာဏာရှင်ဝါဒ ဆိုတာက မွေးမြူသင့်တဲ့ ကိစ္စမှ မဟုတ်ဘဲ “…ဆိုပြီး ဖြည့်စွက်ပေးခဲ့ ပါသည်။

ဖမ်းဆီးခေါ်ဆောင်သည့်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်တုံ့ပြန်ပြောဆိုမှုမှ မရရှိသေးကြောင်းနှင့် အခြေအနေ တင်းမာလာပါက သက်ဆိုင်ရာတာဝန်ရှိသူများအလိုက် ဆက်လက် တင်ပြ ၍ တာဝန်ယူရမည့် ကိစ္စများကို မဖြစ်မနေတာဝန် ယူရန် လည်း လုပ်ဆောင်လိုကြောင်း နီးစပ်ရာပတ်ဝန်းကျင်မှ ဆွေမျိုးများက ဆန္ဒရှိနေကြပါသည်။

မည်သို့ပင်ဆိုစေ ကာယကံရှင်များ၏ မိဘများမှာ အဆက်အသွယ် လုံးဝမရသဖြင့် အသက် အန ္တာရာယ်အတွက် စိုးရိမ်မကင်း ဖြစ်နေကြောင်း.. လူကြီးဆန်ဆန် တွေ့ဆုံဆွေးနွေးရန် ဆင့်ခေါ်သော်လည်း လမ်းခုလတ်တွင် ကြိုးတုပ်ဖမ်းဆီးခံရမှုမှာ ပုံစံမကျသလို ခံစားမိကြောင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ခြွင်းချက်မရှိ အမြန်လွတ်ပေးစေလိုကြောင်း ကြားသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *