Burmese polices corrupted money on opium growers in Namkham Township

Posted By admin on January 27, 2009

နမ့်ခမ်းမြို့နယ်တ၀ိုက်ရှိ ကျေးရွာများအား ဘိန်ခင်းအကြောင်းပြ ငွေညစ်

26 Jan 2009

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပလောင်ရွာများတွင် ဘိန်းစိုက်ချိန်၊ ပွင့်ချိန်၊ သီးချိန် နှင့် ခြစ်ချိန်လေးလ အတောအတွင်းတွင် ရဲ၊ စစ်သားနှင့် ပြည်သူ့စစ်များ တစ်လအတွင်း တစ်ကြိမ်(သို့) နှစ်ကြိမ် လာရောက်ပြီး ဓါတ်ပုံရိုက်ခြင်း မှတ်တမ်းတင်ခြင်းများပြုလုပ်၍ ပထမအကြိမ်အနေဖြင့် ငွေမပေးနိုင်သည့်ဘိန်းခင်းအသေးများအား ဖျက်ဆီးကာ မဖျက်ရသေး သည့် အခြားဘိန်းခင်းများအား အကြောင်းပြပြီး ငွေညစ်ယူနေကြောင်း သိရှိရပါသည်။

ဒေသခံ ရွာသားတစ်ဦးက ” အဲဒီလူတွေလာတိုင်း သူကြီးက ဘိန်းခင်းအကြီး ပိုင်ရှင်တွေဆီက ပိုက်ဆံစုပြီး လမ်းစရိတ်၊ စားစရိတ်ဆိုပြီး ပေးရတယ်။ တကယ်ဆိုရင် အခင်းကြီးပိုင်းရှင်တွေက သူတို့ရဲ့ အခင်းမဖျက်အောင် လာဘ်ထိုးတာဘဲပေါ့၊ အခင်းသေးတွေကိုပဲ ဖျက်ပြပြီးပြန်သွား ကြတယ်” ဟုပြောပြသည်။

ထိုနောက် ဘိန်းပွင့်ချိန်နှင့် သီးချိန်တို့တွင် တခါပြန်လာပြီး “မင်းတို့ရွာမှာ ဘိန်းခင်းတွေရှိသေး လား “ဟု သူကြီးအား မေးကာ “မရှိတော့ဘူး” ဟုပြောပါက “အေး ငါတို့ ဂြိုလ်တုကနေကြည့် တာ အများကြီးရှိသေးတယ်” ဟုပြောသည်။ အမှန်မှာ ယခင်ကယင်းတို့ ဓာတ်ပုံရိုက်ထားသော မဖျက်ရသေးသည့်ဘိန်းခင်းများအား အကြောင်းပြခြိမ်းခြောက် ပြောဆို၍ ထပ်မံငွေညစ်ခြင်း သာဖြစ်သည်။

သူတို့ ဘိန်းခင်းတွေရှိတယ်ဆိုတာအကုန်လုံးသိတယ် ဒါပေမယ့် အကုန်ဖျက်မသွားဘူး အဲဒီလေးလအတွင်းမှာ အမြဲတမ်းလာပြီး ငါတို့လာချင်လို့လာတာမဟုတ်ဘူး တာဝန်အရနဲ့ လာတာလို့ပြောပြီး ပိုက်ဆံယူပြီးတော့ပြန်သွားတယ်။ ဘိန်းခြစ်တဲ့အချိန်ရောက်တော့ အရင်လာကဖူးတဲ့ အဖွဲ့မဟုတ်တော့ဘဲ အခြားအဖွဲ့လာတာဖြစ်တယ်။ အခြားအဖွဲ့ဆိုပေမယ့် လည်း ရဲတွေ၊ စစ်သားတွေ၊ ပြည်သူ့စစ်တွေဘဲဆိုတော့ သူတို့အချင်းချင်းကြား ချိတ်ဆက် ပြီးသားလေ အဲဒီလိုဆိုတော့ သူတို့ ပိုက်ဆံမယူတော့ဘဲနဲ့ ဘိန်းခြံတွေကို အကုန်ဖျက်သွား တယ်။ ပိုင်ရှင်တွေက အဲဒီအချိန်မှာ သူတို့နဲ့ အပြိုင်ပေါ့ သူတို့ မဖျက်ခင်အမှီ လုပ်နိုင်တဲ့ သူကနည်းနည်းသက်သာတာပေါ့ ဟု ဒေသခံအမည်မဖော်လိုသူ တစ်ဦးက ပြောပြသည်။

ယင်းအာဏာပိုင်များသည် ကာလ လေးလအတွင်း အကြောင်းအမျိုးမျိုးပြငွေညစ်ကာ ဘိန်း ခင်းအသေးများသာလျှင် ဖျက်ဆီးသွားပြီး ဘိန်းခြစ်ချိန်ရောက်မှသာလျှင် တခြားတဖွဲ့မှလာ၍ ကျန်ရှိနေသည့်ဘိန်းခင်းများ အားလုံးကိုဖျက်ဆီးသွားကြသည်။ ငွေတောင်းသူကတဖွဲ့ ဘိန်းခင်းဖျက်တဲ့သူတွေက တစ်ဖွဲ့ဖြင့် ဒေသခံရွာသားများ၏ ငွေများအား ညစ်စားနေကြခြင်း သာဖြစ်သည်။

UNODC က ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးရောင်းဝယ် သုံးစွဲမှု များ လျော့ကျသွားပြီဆိုသော်လည်း ယခုတိုင် ရှိနေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်

မိုင်းအောင်းကို- ၀၈၀ ၁၁၈ ၄၄၇၉

မိုင်းအိုက်ဒဲ့- ၀၈၄ ၈၁၇ ၂၅၂၅

About the author

admin

Comments

Comments are closed.